Facebook Page

Saturday, March 8, 2014

ဆရာသခင်တို့နှင့် ပြန်လည်ဆုံတွေ့ခြင်း


၂၀၁၂ ဖေဖော်ဝါရီလအတွင်း ဖြစ်ပါတယ်။မီးရောင်စုံတို့ လှုပ်ခတ်ဆော့ကစား

ညရဲ့ ပျော်စရာအတုတွေနဲ့ ဖန်ဆင်းထားတဲ့ အပန်းဖြေစရာ ခန်းမတစ်ခုအတွင်း

မှာ မိတ်ဆွေ အပေါင်းအသင်းတစ်စုနဲ့ အနားယူအပန်းဖြေရင်း သီချင်းဆိုနေမိတယ်။

အိစက်ညက်ညောတဲ့ ဆိုဖာထိုင်ခုံပေါ်မှာ ထိုင်ရင် ဘ၀အမောဖြေရတာလည်း ပျော်စရာ

တစ်ခုပဲပေါ့။ကျွန်တော်ထိုင်နေတဲ့ နေရာကတော့ ဆရာ့ဘေးမှာပါ။

ဆရာက ရုတ်တရက်“ ဒီက ပြန်ရင် အကျိုးနဲ့အိမ်ထောင်ကျလိမ့်မယ်” လို့ ကောက်ကာ

ငင်ကာပြောလိုက် ပါတယ်။

ကျွန်တော်လည်း အံ့အားသင့်ရင်း အတိတ်ရဲ့ အရိပ်တွေကို ပြန်စစ်ကြည့်တော့

ငါ့မှာလည်း ရည်းစားမရှိ၊ ချစ်သူမရှိ၊ ရည်ရွယ်သူမရှိပဲ ဘယ်လိုအိမ်ထောင်ကျမှာလဲ

စဉ်းစားကြည့်မိလိုက်ပါတယ်။ဒါနဲ့ တစ်ခုစဉ်းစားမိတာက အိမ်ကပဲ အတင်းပေးစား

တော့မှာလာပေါ့။စိတ်ကူးနဲ့ နည်းနည်းတောင် ပျော်နေမိသေးတယ်လေ။မိန်းမရ

တော့မှာပါလားလို့ပေါ့။ဒါပေမယ့် ဒါက ပထမစိတ်ပါ။နောက်ပေါ်လာတာက

မရည်ရွယ်ရသေး၊ ချစ်ရမဲ့သူ မရှိသေးဘဲနဲ့တော့ အိမ်ထောင်ရုတ်တရက်ကျမှာ

နည်းနည်းလန့်ပါတယ်။

အဲတာနဲ့ နောက်နေ့အိမ်ပြန်တာ အိမ်ရောက်ရောပေါ့။အိမ်ပြန်ရောက်တော့

ထူးခြားမှု တစ်ခု တန်းတွေ့ လိုက်မိပါတယ်။ အိမ်ဘေးနားက လက်ကျိုးနေတဲ့

မိန်းခလေးတစ်ယောက်က အိမ်ကို အညှော်ရှောင်ရင်းနဲ့ လာလာနေနေတာပါပဲ။

ဆရာပြောခဲ့တဲ့ အကျိုးဆိုတာ ဒီမိန်းခလေးပဲလို့ ထင်လိုက်ပါတယ်။

ဆရာက တစ်ခါတစ်လေ နောက်ပြောင်ပြောတတ်ပါသေးတယ်။ပြီးရင်

နောက်ကွယ်မှာ သူရီချင်လည်း ရီနေမှာပေါ့။

ကျွန်တော်လည်း ကိုယ့်ဥာဏ်စွမ်းရည်နဲ့ ဆန်းစစ်ကြည့်ရသေးတယ်။ဆရာပြော

တိုင်းလည်း ယုံ၍မရ။ဒါပေမယ့် အဲတာ တကယ်အမှန်ပါပဲ။ဒီမိန်းခလေးက သူ့

ရည်းစားနဲ့ အဆင်မပြေဖြစ်ပြီး စိတ်ညစ်နေတာနဲ့အိမ်မှာအညှော်ရှောင်ရင်း
လာနေနေတာကိုး။ခက်ကပြီး။ဘယ်လိုကြံဖန်ရပါ့။ခွင့်နားတဲ့ တစ်လမှာ အိမ်မှာ

မနေလို့ ဘယ်သွားနေရမတုန်း။အမျိုးတွေအိမ် သွားနေလို့ကလည်း မဖြစ်။

သူများအိမ် သွားနေတာကလည်း အားနာစရာဖြစ်တာကိုး။ဒီလိုနဲ့ ခင်မင်တဲ့

ဆရာတစ်ယောက်က ၀ိပဿနာတရားစပြီး အားထုတ်ပွားများဖို့ တိုက်တွန်းခဲ့တာ

သွားသတိရလိုက်မိပါတယ်။

တရားစခန်းသွားပြီး တရားအားထုတ်တာပဲ ကောင်းပါတယ်လို့ ဆုံးဖြတ်လိုက်မိတယ်

အမျိုးအိမ်က အစ်ကို တစ်ယောက်လိုက်ပို့တာနဲ့ တောရ စခန်းကို သွားရောက်

ဖြစ်ခဲ့ပါတယ်။ မြို့ နဲ့ လည်း အလှမ်းမဝေးတဲ့ တောရစခန်းက သာယာလှပါတယ်။

တောတန်းတွေနဲ့ တောရလမ်းက သာယာနေပါတယ်။ရေတံခွန်စိမ့်စမ်းရဲ့ 

အငွေ့အသက်ကလည်း အမောပြေစရာ စိတ်နှလုံးကို ချမ်းမြေ့စေလို့

လူတွေနဲ့ သီးခြားရပ်တည်နေတဲ့ ကမ္ဘာတစ်ခုဆိုလည်း မမှားပါဘူး။

နေ့လည် ၂ နာရီလောက် တောရကို ရောက်ခဲ့ပါတယ်။ဆရာတော်ကို ဖူးမျှော်ပြီး

တရားအားထုတ်ဖို့ ခွင့်တောင်းတော့ ဆရာတော်က စိတ္တဇ၀ါယော ဖြစ်တဲ့

ဝါယောဓာတ်ကမ္မဌာန်းကို အားထုတ်ရမှာ ဖြစ်ကြောင်းမိန့်ကြားတော်မူပါတယ်။

ဆရာတော်က အသက်အရွယ်ကြီးရင့်မှာလို့  ထင်ခဲ့ပေမယ့် တကယ်ဖူးတွေ့ရ

တော့ သက် တော် ၄၆ အရွယ်ပါပဲ။“ဒကာကြီး ဘယ်နေ့ လာအားထုတ်မှာလဲ”

လို့ ဆရာတော် က မေးပါတယ်။မနက်ဖြန်ပါဘုရား လို့ ဖြေတော့ ဆရာတော်

က အံ့သြနေပါတယ်။မြန်တယ်ပေါ့။ကိုယ့်အခက်အခဲ ကို ဆရာတော်က သိမှ

မသိပဲ။ကိုယ့်အခြေအနေက အိမ်မှာ နေလို့ မဖြစ်တော့ တဲ့ အခြေအနေကိုး။

တောရသွားရမယ့် မနက်ဖြန်ကို စောင့်မျှော်ရင် အိမ်မှာလည်း တစ်ချက်လွတ်အမိန့်

ပြန်ရပါသေးတယ်။ဒီနေ့ မိန်းခလေးဧည့်သည် အိမ်ကိုမလာပါစေနဲ့အုံးလို့။

ဆုတောင်းမပြည့်ခဲ့ပါ။ညဘက်ရောက်တော့ မိန်းခလေးအပြင် သူ့မ အမေပါအိမ်ကို

လာလည်ပါတယ်။အိမ်မှာ ကိုးရီးယားကား လာကြည့်တာပါတဲ့။အိမ်က တီဗီက ၃၂ လက်မ
ဆိုတော့ ပိုကြည့်ကောင်းတယ်တဲ့လေ။အဲတာနဲ့ ကျွန်တော်လည်း စကားမပြောချင်တာနဲ့
 အိမ်ပေါ်ထပ်တက်ပြီး ကိုယ့်အခန်းမှာပဲ နေလိုက်ပါတယ်။မနက်ဖြန် တောရသွားမဲ့
အချိန်ကို ခုပဲ ဖြစ်လိုက်ချင်ပါတော့တယ်။
……….မနက်မိုးလင်းတာနဲ့ ကျောပိုးအိတ်ပြင်ရင်း တောရသွားဖို့ ပြင်ဆင်ရပါတော့တယ်။
အမေကတော့ ထုံးစံအတိုင်း စိတ်မကောင်းဘူးပေါ့။ ခွင့်နားချိန်မှာ အိမ်မှာအနားမယူပဲ တောရ
သွားမယ်ဆိုတော့ အမေလည်း ဘယ်စိတ်ကောင်းပါ့မလဲ။ကိုယ့်မှာလည်း ကိုယ်ရည်ရွယ်ချက်နဲ့
ကိုပါပဲ။ဒါပေမယ့် ဘာကြောင့်သွားမယ်ဆိုတာ အမေရော၊ ညီမလေးရော ကျွန်တော် မပြောခဲ့ပါ
ဘူး။၂၀၁၄ ရောက်မှ ပြန်ပြီး ပြောပြဖြစ်ခဲ့ပါတယ်။
………..တစ်ကိုယ်တည်း ကျောပိုးအိတ်လွယ်ရင်း တောရသွားရတာ စိတ်ထဲတစ်မျိုးပါပဲ။
အထုတ်ဆွဲပြီး တရားစခန်းသွားမည့်သူတိုင်း ခံစားရတဲ့ ခံစားချက်နဲ့ နည်းနည်းဆင်ပါလိမ့်မယ်။
ကိုယ့်အိမ်မဟုတ်ပဲ အခြားတစ်နေရာကို သွားမှာဆိုတော့ တစ်မျိုးခံစားရတာပေါ့။
တောရအ၀င်ဝမှ တောလမ်းအတိုင်း တစ်လှမ်းချင်း လျှောက်လာခဲ့ချိန်မှာ တိတ်ဆိတ်ငြိမ်သက်
တဲ့ တောရဲ့ အရိပ်က လွှမ်းနေပါတယ်။“စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် နေရောင်မခံ
ပန်းပျံပင်ဆင့် ”ကဗျာထဲက လိုတော့ မဟုတ်ပါဘူး။သူခုတ်ငါခုတ်နဲ့ သစ်ပင်အသင့်အတင့်သာ
ရှိတော့တဲ့ တောရသာဖြစ်ပါတယ်။ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ ဒီတောမျိုးက တောကြီးပါပဲ။
တစ်သက်လုံး ဘောပင်ပဲ ကိုင်ပြီး သက်သက်သာသာ အလုပ်လုပ်ခဲ့ရလို့ ထင်ပါတယ်။
တောရအတက်စခန်း လမ်းလျှောက်တက်ရတာ မောလွန်းလို့ ခနနားလိုက် တက်လိုက်နဲ့
အင်မတန်ဝေးနေပကော။တောရစခန်း တောလမ်း တစ်ဝက်ခရီးမှာ ရေတံခွန် ရေကျသံနဲ့
ရေငွေ့ဓာတ်ကို ခံစားလိုက်ရတာ ဘ၀မှ တစ်ခါမှ မခံစားရဖူးသေးတဲ့ ရွှင်လန်းဆန်းမှု
ခံစားချက်ပါပဲ။ဆရာတော်ရဲ့ တောရကျောင်းရောက်တော့ မနက် ၉ နာရီထိုးနေပါပြီး။
၁၅ မိနစ်လောက်တက်ရမဲ့ ခရီးကို  မိနစ် ၃၀ လောက်သွားလိုက်ရပါတယ်။သက်သက်သာသာ
နေခဲ့တာ ကြာခဲ့တာကိုး။ဆရာတော် နေရာချပေးတဲ့ ဆရာတော့် ကျောင်းဘေးနားက အခန်းမှာ
နေရာရပါတယ်။တရားစခန်းဝင်ချိန် မဟုတ်လို့လည်း တောရမှာ သံဃာတော် ၅ ပါး၊ သီလရှင် ၂ ပါးရယ် ကျောင်းသား ၂ ယောက်ရယ်ပဲ ရှိပါတယ်။ကျောပိုးအိတ်ထုတ် နေရာချ ရေချိုးပြီး ဆွမ်းစား
ချိန်ရောက်လို့ ဆရာတော် တွေကို ဆွမ်းကပ်ပေးပါတယ်။
……………..မနက်ပိုင်း စားသောက်ကိစ္စ အပြီးမှာတော့ဆရာတော်က ကမ္မဌာန်းပေးမှာမို့
 ဆရာတော်ကိုဖူးမျှော်ကန်တော့ရင်းနားစွင့်နေပါတယ်။“ဒကာကြီး တရားအားထုတ်ဖူးသလား”

လို့ ဆရာတော်က အရင်ဦးဆုံးမေးပါတယ်။“မှန်ပါ့ဘုရား တပည့်တော်

ဖားအောက်တောရမှာ အာနာပါန သမထ ကို တစ်လ အားထုတ်ဖူးပါတယ် ဘုရား”လို့ 
ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။“ဘာတွေ သိမြင်ခဲ့လဲ ဒကာကြီး” ဆရာတော်က ဆက်မေးပါတယ်။“တစ်ကိုယ်လုံး ဓာတ်လိုက်သလို ခံစားရပြီးတော့ နှာခေါင်းမှာ
 လေကြောင်းဝင်ထွက်နေပြီး အလင်းတွေ ပေါ်လာတယ်ဘုရား”
လို့ ဆရာတော်မျက်နှာကို ကြည့်ရင် ဖြေလိုက်ပါတယ်။ဆရာတော်မှ “ဒီလိုမြင်တာ ဥဂ္ဂဟနိမိတ်ပဲ ဒကာကြီး”လို့ ပြောလိုက်ပါတယ်။ဆရာတော်မှ ဆက်လက်ပြီး “ခုဆရာတော်ပြောမယ့် ရှူမယ့်နည်းက စိတ္တဇ၀ါယော ၀ါယောဓာတ်ကမ္မဌာန်းပဲ….ဓာတ်ကို တိုက်ရိုက်ရှူတာ……
ဒကာကြီး ပညတ်နဲ့ ပရမတ်ကို သိလား…..ဆရာတော်မှ

ပညတ် ပရမတ် အကြောင်းကို အကျဉ်းအားဖြင့် သင်ပြပေးပါတယ်။
…………ဆရာတော်က ၀ိပဿနာစပြီး အားထုတ်ဖို့အတွက် သမာဓိထူထောင်ဖို့ ခဏိကသမာဓိထူထောင်
နည်းကို ဟောပြောညွှန်ပြပေးပါတယ်။အောက်မှာ ဖော်ပြထားတာကတော့ အကျဉ်းချုပ်လိုရင်းပါပဲ။
ပရိကံပြုရန်-
(၁) ယောဂီသည် မိမိ၏ ရင်ညွန့်၌ စိတ်ကိုထားပါ။
(၂) ရင်ညွန့်ထိပ် ရင်ချိုင့်တစ်ဝိုက်တွင် စိတ်ကြောင့်ဖြစ်သော ၀ါယောဓာတ်ကို သတိထား၍ ရှူတိုင်းရှိုက်တိုင်း၌ ဖြစ်ပေါ်လာသော တွန်းကန်လှုပ်ရှားမှု သဘောတစ်ခုခုကိုပေါ်တိုင်းသိရမည်။ (၀ါ)သိအောင်လုပ်ပါ။
(၃) သတိထားတိုင်း သိလာလျှင် ထိုဝါယောဓာတ်၏ အစ၊ အလယ်၊ အဆုံး သုံးချက်လုံးကို သိအောင်ကျင့်ရမည်။ မရမနေ ကျင့်ပါလေ။
(၄) စိတ်တစ်ခြားသွားတိုင်း လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ စသော အကုသိုလ် မဖြစ်အောင် သတိဖြင့် “စောင့်စည်း” ၍ ကမ္မဋ္ဌာန်းအာရုံဝါယောဓာတ်၌ ပြန်ထားပါ။ ၎င်းစောင့်စည်းမှုသဘောသည် “သီလ” ဖြစ်သည်။ (သမာဓိ သံဝတ္တနိကသီလ၊ သမာဓိကိုဖြစ်စေ သော သီလဖြစ်သည်။)
(၅) သီလစောင့်စည်းမှု မှန်ကန်၍ ၀ါယောဓာတ် ကမ္မဋ္ဌာန်းအာရုံ၌ ရှုစိတ်အခိုက်အတန့်နေတိုင်း နေတိုင်း “ခဏိကသမာဓိ”ရသည်ဟုသိရမည်။
(၆) ပရိကံဖြစ်သော ၀ါယောဓာတ် ကမ္မဋ္ဌာန်းအာရုံ၌ သမာဓိဖြစ်မှသာ သမ္မသနဥာဏ်ဖြင့် ဓာတ်သဘော၊ ရုပ်သဘော၊ နာမ်သဘော တို့ကိုပိုင်းခြားရှုသိ၍ ၀ိပဿနာဥာဏ်ဖြစ်အောင် အားထုတ်ရမည်။
(၇) ခဏိကသမာဓိ မရမချင်း ၀ိပဿနာ မရှုပွားပါနှင့်။
(၈) အားထုတ်စဉ် သဒ္ဓါ၊ သတိ၊ ၀ီရိယ၊ သမာဓိ ဥာဏ်တို့ဖြင့် ကြိုးစားအားထုတ်ပွားများရမည်။
လို့ ၀ိပဿနာ ယာနိက နည်းအားဖြင့် ညွှန်ပြထားပါတယ်။ဆရာတော်မှ တရားနည်းစဉ်ကို ပေးပြီးတဲ့
နောက် “အင်း ဒကာကြီးလဲ ဆရာတွေ ဘိုးတော်တွေနဲ့ ရင်းနှီးတာကိုး….ဆရာတော်လည်း ငယ်ငယ်ကပုတီးစိပ် တရားထိုင် ဘိုးတော်တွေဆီသွားနဲ့ ဖြစ်ခဲ့ဖူးပါတယ်….နောက်ပိုင်း ရဟန်းဝတ်နဲ့ တရားအားထုတ်ဖြစ်တော့လည်း မဟာစည်…မိုးကုတ်….သဲအင်းဂူ….ဖားအောက် …နေရာစုံ နည်းနာစုံနဲ့ အားထုတ်ခဲ့ဖူးတယ်…ဒါပေမယ့် ဆရာတော်က ဥာဏ်နည်းတော့ ဆရာတော်ရဲ့ ဆရာက ခု လူဆရာကြီးဆီမှာနည်းနာယူအားထုတ်ဖို့ တိုက်တွန်းတာနဲ့ အားထုတ်ဖြစ်ခဲ့ပြီး ခုလို ပြန်ပြီး ဟောကြာနိုင်ခဲ့တာပဲ ဒကာကြီး”
လို့ ပြောပြပါတယ်။။။။“နောက်ပြောချင်တာတစ်ခုက ဒကာကြီး ဘ၀မှာ မိန်းခလေးတွေနဲ့ ပြောဆိုနေထိုင်တတ်ဖို့…..မိန်းခလေးတွေနဲ့ တွေ့ရင် ကိုယ့်မိခင်လို…အစ်မလို…ညီမလို…သဘောထားပါဒကာကြီး”လို့ဆက်ပြောပါတယ်။ဆရာတော်ပြောတာကို ကျွန်တော်သဘောပေါက်ခဲ့ပါတယ်….ဒါကတော့ လူတစ်ယောက်
မှာ ရှိနေတဲ့ ကံအကြောင်းတရားကြောင့် ဖြစ်ပေါ်လာပြီး ဘ၀ကို လွမ်းမိုးနေမှု 
အစိတ်အပိုင်းပါပဲ။ပစ္စုပ္ပန်ကံအကြောင်းတရားကို ကောင်းအောင် ပြုပြင်နေထိုင်မှသာ မသင့်တင့်တဲ့ အလုပ်တွေကို မပြုလုပ်မိမှာပဲဖြစ်ပါတယ်။ဒီနေရာမှာ မသင့်တင့်တဲ့ အလုပ်တွေဆိုရာမှာ ကာယကံ၊ ၀စီကံ၊ မနောကံ နဲ့ သူတစ်ပါးကို
လွမ်းမိုးနေခြင်းတွေကို ဆိုလိုပါတယ်။
………ဆရာတော်နဲ့ စကားပြောရင်း သတိထားကြည့်မိတော့ ဆရာတော်မှာ နှာရည်ယိုခြင်း ဝေဒနာအမြဲဖြစ်နေပါတယ်။နောက်ပိုင်း ဆရာတော် ဟောကြားတဲ့ တရားခွေတွေမှာလည်း နှာရည်ယိုတာတွေ့တွေ့နေရပါတယ်။အဲတာနဲ့ ဆရာတော်ကို မေးကြည့်တော့ “ဟုတ်တယ် ဒကာကြီး ၊တစ်နှစ်လောက်ရှိပြီး ဆရာဝန်နဲ့ ကုတာလည်း မပျောက်နိုင်သေးဘူး” လို့ ပြောပါတယ်။“တပည့်တော်နဲ့ သိတဲ့ မြန်မာဆရာတစ်ယောက်ဆီက နည်းတစ်ခု ရဖူးခဲ့တယ်..တပည့်တော် လေ့ကျင့်အားထုတ်ခဲ့တာ ၅ နှစ်လောက်ရှိပါပြီး ဘုရား”……“ပြောပါဦး ဒကာကြီး”………“မနက်အိပ်ရာထတာနဲ့ ခြေဖမိုးပေါ်ကို ရေနဲ့ ဖြည်းဖြည်းလောင်းရပါတယ်….၃ ခွက်လောက်ပေါ့….ပြီးရင် လက်ဖျံ လက်ဖမိုးကို ရေဆေးပေးပါ…..တစ်ညလုံး အိပ်စက်ထားပြီး လှောင်ပိတ်နေတဲ့ အပူခိုး တွေကို ထုတ်ပစ်တာတဲ့ဘုရား….
နောက်တော့ ရေ ၃ ခွက်လောက် မျက်နှာ ဖြည်းဖြည်းသစ်ပေးပါ….ပြီးမှ သွားတိုက်ပါတဲ့ဘုရား….
တပည့်တော် လေ့ကျင့်လာတာ ခုဆို မျက်စိကြည်တယ်….သွားလည်း မကိုက်တော့ဘူး…ကျန်းမာရေးလည်း ကောင်းလာတယ်ဘုရား…..နောက်ပီးတော့ ရေသောက်ရင်လည်း မြေအိုးနဲ့၊ ရေချိုးရင်လည်းမနက် ၁၂ နာရီမထိုးခင် ရေပတ်တိုက်ပြီး ရေချိုးပါဘုရား”လို့ လျှောက်လိုက်တော့ “အင်း လေ့ကျင့်ကြည့်မယ်လေ” လို့ ပြောပါတယ်။ဆရာတော် လေ့ကျင့်ပြီး ၃ ရက်အကြာမှာပဲ
နှာစေးခြင်းပျောက်လို့ နောက်နေ့မနက်ဆွမ်းစားချိန် သံဃာတော် တွေ အရှေ့မှာ ပြန်လည် ပြောပြခိုင်းပါတော့တယ်။မာန်မာန နည်းသော ဆရာတော်ပါပဲ။ဆရာတော်၏ သွေးအားနည်းသော ရောဂါကိုလည်းရွှေပြာသတ္တိဆေးအကြောင်း ပြောပြပြီး ဆေးဆက်ကပ်ခဲ့ရာ ပျောက်ကင်းချမ်းသာခဲ့ပါတယ်။ယခုတိုင်သောက်သုံးနေပါသေး၏။အသက် ၃၂ နှစ်အရွယ် က ကျန်းမာရေးချို့ယွင်းခဲ့ဖူး၍ အထက်ပါနည်းလမ်းကို စတင် လေ့ကျင့်ခဲ့ပါ၏။တရုတ်ရိုးရာ လေ့ကျင့်စဉ်ဖြစ်သော ချိကုန်းလေ့ကျင့်ခန်း လေ့ကျင့်ခြင်းကိုလည်း
နောက်ပိုင်း ဆရာတော်မှ မေးမြန်း၍ လျှောက်ထားခဲ့ပါသေးသည်။
ဆရာတော် သင်ပေးတဲ့ ခဏိက သမာဓိ ထူးထောင်နည်း အတိုင်း အားထုတ်ကြည့်ခဲ့ပါတယ်။ မျက်လုံးမှိတ်လိုက်တိုင်းမှာ တရားရှူဖို့ မဆိုထားနဲ့ စပြီးကြုံရတာက အတိတ်က ဖြစ်ရပ်တွေပါပဲ။
အတွေးပေါင်းစုံပေါ့။ကိလေသာတောထဲမှာ နှစ်ပေါင်းမြောက်မြားစွာ ဖြတ်သန်းလာခဲ့ရလို့ တရားတော်နဲ့ တွေ့ချိန်မှာ ခန္ဓာကလက်မခံနိုင်သေးတာလည်း ပါပါလိမ့်မယ်။အတိတ်က  ဖြစ်ရပ်တွေက စုံစုံလင်လင်ပဲ တန်းစီလို့အဆိုးဝါးဆုံး စိတ်ထဲ ၀င်ရောက်လာလို့ နေပါတယ်။တိတ်ဆိတ်ငြိမ်သက်ပြီး လူသူကင်းဝေးနေတဲ့အဖြစ်က စိတ်ကို ဘယ်ဆီကို ရောက်ရောက်ဆိုသလို သွားဖို့ အားပေးနေသလိုပါပဲ။အမှန်တော့စိတ်ကပ်ထားရမဲ့ ရှူချက် ရင်ညွှန့်တ၀ိုက်ကို စိတ်ညွှတ်၍ မရသေးခြင်း နဲ့ ၀ါယောဓာတ်သဘောလက္ခဏာ အစ၊ အလယ်၊ အဆုံး ကို သတိမကပ်နိုင်သေးလို့ပါပဲ။ဒီကြားထဲ မစားဖူးသေးတဲ့စားကောင်းသောက်ကောင်း ဟင်းပေါင်းစားလိုက်တော့ ပိုပြီး အာဟာရပြည့်လို့ အိပ်ငိုက်နေတာ
ဆက်တိုက်ပါပဲ။မျက်လုံးမှိတ်လိုက်တာနဲ့ စပြီး စိတ်နဲ့ စစ်တိုက်ရတော့တာပါပဲ။
၁၉၉၇ ခုနှစ် ဖားအောက်တောရ အားထုတ်စဉ်ကတည်းက နှာခေါင်းမှာ ၀ါယော ဆွဲအားအနည်းငယ် ပါလာခဲ့ပါတယ်။ခု ရင်ညွှန့်မှာ စိတ်ကို စိုက်ပြီး
လှုပ်နေတဲ့ ၀ါယောဓာတ်သဘောကို ရှူရမှာဆိုတော့ အတော့ ကို ခက်ခဲလှပါတယ်။နှာခေါင်းမှာ စိုက်စိုက်နေတတ်တဲ့ စိတ်ကို ရင်ညွှန့်ကို ပြောင်းရတာ ၇ ရက်လောက် ကြာခဲ့ပါတော့တယ်။ဆရာတော်က ညစဉ်တရားစစ်တော့ တွေ့ကြုံနေတဲ့ အခက်အခဲကို လျှောက်ကြည့်တော့ အာနာပါန ရှူဖူးတဲ့ သူတိုင်း ဒီလိုပဲကြုံတွေ့ ဖူးကြောင်း ဖြေကြားပေးပါတယ်။ကြိုးစားပြီးတော့ ရင်ညွှန့်ဆီသာ ပြန်ပြန်တင်ပေးပါ။အကြိမ်ကြိမ်အခါခါ ကြိုးစားကြည့်တော့ ရင်ညွှန်တ၀ိုက်ကို စိတ်ညွှတ်တာ အဆင်ပြေလာပါတယ်။
အကြိမ်ကြိမ် အဖန်ဖန်  ဆက်လက် ကြိုးစားကြည့်ရာမှာ ရင်ခေါင်းထဲ အလုံးလေးရှိသလို အချောင်းလေးက၀င်လိုက်ထွက်လိုက် ဖြစ်သလို ခံစားနေရပါတယ်။ဆရာတော်ကို မေးကြည့်ပါတယ်။လှုပ်နေတဲ့ ၀ါယောဓာတ်သဘော ကိုသာ ရှူဖို့ ၊ယခု ဖြစ်စဉ်မှာ ပညတ်သဘောသို့ သက်ရောက်နေလို့ ဤသို့ဖြစ်နေရကြောင်း ဖြေကြားပါတယ်။
………….
အားထုတ်ရတဲ့ အခြေအနေကို ဆရာတော်က မေးတော့ အခက်အခဲများကို ပြောပြလိုက်
ပါတယ်။၁၀ ရက်တရားစခန်းက သိပ်ပြီးပြဿနာမပေါ်တတ်ပါဘူးတဲ့။ရက်ရှည်အားထုတ်
ရင်တော့ အခက်အခဲအမျိုးမျိုးပေါ်တတ်ပါတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
 လွယ်လွယ်နဲ့တော့ဘယ်ရပါ့မလဲ။ ဘုရားတောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးမှ ထွင်းဖောက်သိမြင်ခဲ့တဲ့ တရားတွေကို။ဘုရားသင်ပြခဲ့ပေမယ့် တရားတော်ကို စိတ်နဲ့ ခန္ဓာက မခံယူနိုင်သေးပဲကိုး။
………….တစ်နေ့ နေ့လည်စာစားပြီး အစာကြေ လမ်းလျှောက်ရင်းနဲ့ ဆရာတော်မှ အခန်းဘေးမှာ ထောင်ထားတဲ့ လူတစ်ယောက်အရွယ် ဓာတ်ပုံတစ်ပုံကို ပြပြီး ထို ဆရာ အကြောင်းပြောပြပါတယ်။ကျွန်တော် နောက်ထပ်တွေ့ရဦးမယ့် ဆရာကြီး တစ်ယောက်ပါပဲ။ဆရာတော်မှ “ဒီဆရာကြီးကဆရာတော်ရဲ့ ဆရာပဲ……အခု အားထုတ်နေတဲ့ ခဏိက သမာဓိ ထူထောင်ပြီး ၀ိပဿနာယာနိကနည်း ပွားတာဆရာကြီးဆီက နည်းနာယူခဲ့တာပဲ….ဆရာကြီးလည်း အသက် ၂၂ ၀န်းကျင်မှာ ဆရာကောင်းတွေနဲ့ ဆုံတွေ့ပြီး သမထ၊ ၀ိပဿနာ အားထုတ်နည်းတွေကို ပွားများခဲ့တယ်။……ဆရာက တပ်မတော်က ၀န်ထမ်းတစ်ယောက်ပဲ…..အလုပ်ထဲမှာ လုပ်ငန်းကိစ္စကသိပ်မများတော့ အချိန်ရရင် ရသလို ၀ိပဿနာတရားကို အားထုတ်ပွားများပြီး ပေါက်မြောက်နေခဲ့တာပဲ” လို့ ပြောပြပါတယ်။ဆရာတော်မှာ ကျွန်တော့်ရဲ့ ဘ၀အခြေအနေအရ အလုပ်မများပဲ အားလပ်နေတာ မြင်ဟန် ထင်မိခဲ့ပါတယ်။ဆရာကြီးရဲ့ မျက်နှာသွင်ပြင်က တည်ကြည့်ခံညားပြီး အထူးခြားဆုံးက မျက်လုံးပါပဲ။မျက်လုံးကပဲဆရာကြီးရဲ့ စိတ်စွမ်းအားကို ပြောပြနေသယောင်ပါ။ကျွန်တော်ဆရာကြီးနဲ့ ဆုံတွေ့နိုင်ဖို့ စိတ်ထဲညွှတ်ထားလိုက်မိပါတယ်။
………..၅ ရက်မြောက်နေ့ မနက်စောစောပိုင်းမှာ ထူးဆန်းတဲ့ အိမ်မက်တစ်ခု မြင်မက်ခဲ့ပါတယ်။
တောလမ်းခရီးကို သွားရင်းနဲ့ ရှေ့ဆက်သွားဖို့ လမ်းဆုံးသွားပါတယ်။ရှေ့မှာ တောင်ကုန်းတစ်ခုနဲ့ရွံ့နွံအိုင်တစ်အိုင် ကာဆီးလို့နေပါတော့တယ်။တောင်တစ်တောင်လုံး များပြားလှတဲ့ မြွေစိမ်းအကောင်ကြီးတွေ လှုပ်လှုပ်၊ ရွရွနဲ့ နွံအိုင်ထဲမှာကလည်း မိချောင်းတွေကို မြင်လိုက်ပါတယ်။ဘယ်လိုရှေ့ဆက်သွားရမယ် စဉ်းစားနေတုန်း ရှေ့မှာ လူတစ်ယောက် ဗြုန်းဆိုရောက်လာပါတယ်။ငါ့နောက်လိုက်ခဲ့ဆိုပြီး ထိုသူက ရှေ့ကနေ တောင်ကုန်းပေါ်ကို တက်သွားစဉ်ပဲ ကျွန်တော်ကလည်းနောက်က လိုက်တက်သွားပါတယ်။မြွေစိမ်းအကောင်ကြီးတွေက ဘေးကို ရှဲပြီး ဖယ်ပေးနေကြပါတယ်။
ဆက်တက်သွားရင်ပဲ နတ်ဝတ်နတ်စား ခေါင်းပေါင်းတွေနဲ့ အခြွေအရံတွေက ကြိုဆိုကြလို့ ဖန်
ရောင် စိန်ရောင် ဗိမာန်မှာ စံစားနေလိုက်ပါတယ်။မနက်မိုးလင်းတော့ ဆရာတော်ကို အိမ်မက်အကြောင်းပြန်လျှောက်တော့ ဆရာတော်က ဘာမှ မပြောပဲ ပြုံးလို့နေပါတယ်။ဆရာတော် ပြောဖူးတာကတော့ဝါယောဓာတ် လှုပ်တဲ့သဘော စွဲမြဲလာရင် အိမ်မက်ထဲအထိ ရောက်တတ်ပါတယ်တဲ့။
မှတ်ချက်။     ။ထိုတောရနေရာမှာ တောင်ခါးပန်းတွင် ဖြစ်ပါသည်။တောင်အောက်တွင် တောင်ပေါ်စမ်းမှ ဆင်းလာသော စမ်းချောင်းရှိ၍ စမ်းဟိုဘက်ကတော့ ကျောက်တောင်ကြီးဖြစ်ပါသည်။အကြမ်းဖျင်းမှာတောင် ၂ ခုကြားတွင် စမ်းချောင်းရှိနေခြင်းဖြစ်ပါသည်။ထိုကျောက်တောင်ဘက်တွင် ယခုဘုရားတည်ရန် ပြင်ဆင်နေစဉ် နတ်နဂါးတို့ ၀င်ရောက်ပူးကပ်၍ ဆရာတော် တစ်ပါးအား ကုလားဘာသာစကားဖြင့် ပြောဆိုကြောင်း ၂၀၁၄ တွင် သိရလေသည်။တောင်ခြေ စမ်းရှိ ကျောက်တုံးပေါ်တွင် မြွှေရုပ်ထုလုပ် ထားသည်ကို တွေ့မြင်ခဲ့ရပါသည်။နတ်နဂါးတို့ နေထိုင်ကျက်စားကြသော စမ်းကြီး ဖြစ်ဟန်တူပါသည်။နှစ်စဉ်လည်း လူအသေအပျောက်ဖြစ်လေ့ရှိသော နေရာလည်း ဖြစ်၏။
…………………ဆရာတော်ရဲ့ တောရကျောင်းမှာ ၁၇ ရက်ခန့် အားထုတ်ပြီး ခွင့်စေ့
တော့မှာမို့ အိမ်ကို ပြန်ခဲ့ပါတယ်။စိတ်စစ်ပွဲ ဆင်နွဲရင်းနဲ့ တင် ၁၇ ရက် ကုန်သွားခဲ့ပါတယ်။
အိမ်နားက မိန်းခလေးကလည်း အဲဒီ ရက်ပိုင်းအတွင်းပဲ ရည်းစားနောက် လိုက်ပြေးသွားတာ
အိမ်ရောက်တော့ သိလိုက်ရပါတော့တယ်။ကုသိုလ်ကောင်းမှု ပြုခဲ့ခြင်းရဲ့ စွမ်းအားက ကြီးကြီးမားမား အပြောင်းအလဲတွေကို ပြောင်းလဲစေတတ်ပါတယ်။အိမ်ထောင်ကျမယ်လို့ ပြောခဲ့တဲ့ ဆရာနဲ့ ပြန်ဆုံချိန်မှာဆရာက ထူးထူးခြားခြားစိုစိုပြည်ပြည် ကျန်းမာရေးကောင်းလာတယ်လို့ ဆိုပါတယ်။တောရမှာ သောက်သုံးခဲ့ရတဲ့ ဆေးရယ် တရားအားထုတ်ခဲ့တဲ့ အလုပ်တွေကြောင့် ဖြစ်ပါလိမ့်မယ်။ဆေးဆိုလို့ သဘာဝအလျှောက် အလေ့ကျပေါက်နေတဲ့ အိုးပုတ်ရွက် ၊ ယင်းနှောင်းရွက်၊ သင်္ဘောရွက်
ခြောက်တွေကို မြေအိုးနဲ့ ပြုတ်သောက်ခဲ့ရခြင်းပါ။ အိုးပုတ်ရွက်ကတော့ စာဖတ်သူတို့ သိပါလိမ့်မယ်။
ပုံကို အောက်မှာ ဖော်ပြထားပါတယ်။အသီးက အိုးပုံစံလေးတွေပါ။ ကင်ဆာကောင်းတယ်လို့လည်း ပြောကြပါတယ်။ ယင်းနှောင်းရွက်က လည်း မိုးတွင်းအခါမှာ သဘာဝအလျှောက် အလေ့ကျ ပေါက်တတ်တဲ့ နွယ်ပင်တွေပါပဲ။အနီ မျိုးနဲ့ အဖြူမျိုး ဆိုပြီး ရှိပါတယ်။အနီမျိုးက ပိုပြီး အစွမ်းထက်ပါတယ်။ရွာမှာတော့တို့စရာ နဲ့ ဟင်းချိုးချက်သောက်လေ့ ရှိကြပါတယ်။ထိုင်ဝမ် သုတေသနအရ ယင်းနှောင်းရွက်ကို တောင်ပိုင်း
ဂျင်ဆင်းလို့ ခေါ်ပြီး ဂျင်ဆင်းမြစ်ရဲ့ ဓာတ်တွေ အနည်းငယ် ပါတယ်လို့ သိရပါတယ်။မြန်မာပြည်မှာ သောက်သုံးနေတဲ့ တစ်ချို့ လက်ဘက်ခြောက်ဗူးတွေမှာ ယင်းနှောင်းရွက်ပုံ မြင်တွေ့ရပါတယ်။တရုတ်က လာတာပါ။
ဒီမှာတော့ မသိသူတွေက ဈေးကြီးပေး သောက်နေကြတုန်းပါ။ မိုးတွင်းမှာ ပေါပေါများများရနိုင်သမို့ စုဆောင်းထားရင် အဆင်ပြေမှာပါ။သင်္ဘောရွက်ကတော့ အများသိကြတဲ့ အတိုင်း ဂျပန်သုတေသန အရကင်ဆာပါကောင်းတယ်လို့ အင်တာနက် သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါသေးတယ်။အဲဒီသုံးမျိုး ပေါင်းပြီး သောက်ရင် ၀မ်းမှန်စေပါတယ်။ တရားထိုင်ချိန်များရင် ၀မ်းချုပ်တတ်လို့ ဒီသုံးမျိုးရွက် ပြုတ်ရည်နဲ့အဆင်ပြေနေပါတယ်။
………….ဆရာနဲ့ တွေ့ချိန်မှာ ဒီဆေးနည်းကို လည်း ပြောပြဖြစ်ခဲ့ပါတယ်။
အိမ်ထောင်ကျမယ့် ကိစ္စတော့ ဆရာပြန်မမေးပါဘူး။ဆရာသိနေပြီးလို့ ထင်လိုက်ပါတယ်။
ဘာကြောင့်ဆိုတော့ ဆရာသီချင်းဆိုပြီး တစ်ပတ်တစ်ခါ အနားယူတတ်တာ ကျွန်တော်အသိ
ဖြစ်ပါတယ်။တစ်ခါက ဆရာ့ဘေးနား ထိုင်ရင်းကနေ ဆရာဘာ့ကြောင့် လာတယ်ဆိုတာ
စိတ်ထဲ ဒွိဟ ဖြစ်နေခဲ့ချိန်မှာ ဆရာက ချက်ခြင်းပဲ တို့ အနားလာယူတာ တစ်ခါတစ်လေပါကွာ
လို့ ဖြတ်ပြောလိုက်ရင်ပဲ ကျွန်တော် လန့်သွားမိပါတယ်။ငါ့စိတ်ထား မှားသွားပြီးလို့လေ။
((ကောင်းတဲ့ကံ ပြုလိုက်သည့်အတွက် မိမိနှင့် မသင့်တော်တာ မဖြစ်ခဲ့တာလို့ပဲ ထင်မိတယ်။))
…………….မြန်မာပြည်မှာ သမထ နှင့် ၀ိပဿနာ  ပေါက်မြောက် အောင်မြင်နေကြတဲ့
ရဟန်းတော် ၊ လူပုဂ္ဂိုဟ်တွေ များလှပါတယ်။အဓိကမှာ ဆရာတင် မမှားကြဖို့ပါပဲ။
တော်တော်များများက သမထ နဲ့တင် စိတ်တန်ခိုးစွမ်းအားဘက်လှည့်လို့
တစ်ဘ၀ဇာတ်သိမ်း သွားကြတာ များမှာပါပဲ။
……………သမထ ပေါက်မြောက်နေတဲ့ ကျောင်းဆရာ အငြိမ်းစားတစ်ယောက်နဲ့
 တွေ့ကြုံခဲ့ဖူးပါတယ်။ဆရာက ကျွန်တော့်ကို ၀ိပဿနာ အားထုတ်တော့လို့ အားပေး
တိုက်တွန်းခဲ့ဖူးပါတယ်။ဆရာကောင်းတစ်ယောက်ပါပဲ။သူကိုယ်တိုင်လည်း
သမထ ဘက်မှ ၀ိပဿနာတရားကို ဆက်လက်အားထုတ်ပွားများနေသူ ဖြစ်ပါတယ်။
ငယ်ရွယ်စဉ်ကတည်းက အားထုတ်ဖို့အားပေးပါတယ်။ရုပ်စွမ်းအားကောင်းချိန်
 စိတ်စွမ်းအားကောင်းလို့ ဖြစ်ပါတယ်တဲ့။သမထစွမ်းအား နဲ့ ရှေ့ဖြစ်ကြိုသိနေနိုင်
တဲ့ လူတွေကို တွေ့ဖူးခဲ့ပေမယ့် တစ်ယောက်သောသူက ရိုးရိုးသားသား ၀န်ခံပြောကြား
ခဲ့တာ ကြုံခဲ့ဖူးပါတယ်။အထင်သိပ်မကြီးကြဖို့ပါ။ ကံစွမ်းရည်ကို ကြိုးစားမြင့်တင်ထားကြရင်
အဆိုးဆုံးတွေ ကို ကျော်ဖြတ်နိုင်ကြပါတယ်။ကျွန်တော်ကိုယ်တိုင် ကိုယ့်တွေ့ပါပဲ။ဒါပေမယ့်
ဝဋ်ကြွေးကံ ပါလာရင်တော့ ရှောင်မရဘူးပေါ့။လူဆိုတာလည်း အမြဲကောင်းအောင်နေဖို့
မဖြစ်နိုင်သေတော့ ကြိုသိတော့လည်း ကြိုပြီး ကံမြင့်ဖို့ ကုသိုလ်လုပ်ငန်း ဖြည့်ဆည်းလို့
ရတာပေါ့။

အိမ်ကို ပြန်ရောက်တော့ ခဏိက သမာဓိ ထူထောင်တဲ့ အလုပ်ကို ဆက်လက် လုပ်ဖြစ်ခဲ့ပါတယ်။
အဲတော့ မှ ဆရာတော် ညွှန်ကြားပြသပေးတဲ့ ၀ါယောဓာတ်လှုပ်တဲ့ သဘောလက္ခဏာကို
သိမြင်နိုင်ခဲ့ပါတော့တယ်။ဒီတော့မှ ကျွန်တော်လည်း ဥာဏ်တုံးသူ တစ်ယောက်လို့
ကိုယ့်ကိုကိုယ် သိလိုက်ရပါတယ်။
…………၂၀၁၂ -၄ လပိုင်းရောက်တော့ အလုပ်က ခွင့်ပြန်နားခွင့်ရပါတယ်။အဲဒီအချိန်က
ထိုင်းမြန်မာ နယ်စပ်မှာ ခေတ္တခဏ သွားရောက် တာဝန်ထမ်းဆောင်နေချိန်လည်း ဖြစ်ပါတယ်။
တစ်လ အလုပ်လုပ်ပြီး တစ်လ အနားပေးပါတယ်။နယ်စပ်မှာက တောရလိုပါပဲ။အလုပ်ကလည်း
မများ တိတ်ဆိတ်ငြိမ်သက်လို့လည်း အလုပ်လုပ်ရင်း တရားအားထုတ်ဖို့ အချိန်လည်းရခဲ့ပါတယ်။
ဝါယောဓာတ် စ၊ လယ်၊ ဆုံး သဘောတရားကို ရှူလို့ ရပြီးနောက်ပိုင်းမှာမှ တရားသဘောကို
သက်ဝင်လာခဲ့ပါတော့တယ်။အလုပ်က ခွင့်ပြန်နားချိန်မှာ တောရသွားပြီး ဆရာတော်ကို သွားဖူး
ဖို့ သွားရောက်ခဲ့ပြန်ပါတယ်။သင်္ကြန်တရားစခန်းချိန်မှာ ဆရာကြီးလည်း ရောက်နေတယ်လို့
သတင်းကြိုတင် ကြားထားခဲ့လို့ပါပဲ။
………….တောရဆီကို တောင်ပေါ်တက်တော့ အရင်တစ်ခေါက်လိုတော့ မမောတော့ပါဘူး
နယ်စပ်နေချိန် မနက်ညနေ တောင်တက် တောင်ဆင်း လေ့ကျင့်ခန်းလုပ်ခဲ့တာလည်း ပါပါ
တယ်။တောင်ပေါ်ရောက်တော့ ကျွန်တော် အရင်နေခဲ့ဖူးတဲ့ ဆရာတော်ကျောင်းဘေးနားက
အခန်းမှာ ဆရာကြီးက နေပါတယ်။ဆရာ့ဆီကို သွားပြီး ကန်တော့လိုက်ပါတယ်။
ပထမဆုံးတွေ့ ရသမို့ ဆရာတော်မှ မိတ်ဆက်ပေးခဲ့ပါတယ်။ဆရာက ကျွန်တော့ဘက်ကို
တစ်ချက် ကြည့်ရင်းဆရာထိုင်နေတဲ့ ခုံပေါ်မှာ လက်နဲ့ မျဉ်းကြောင်းလေးတွေ ဆွဲပြီး
ရေးခြစ်နေပါတယ်။ပြီးတော့မှ အောက်ကို ဆင်းထိုင်လိုက်ပါတယ်။တရားအားထုတ်နေတဲ့
အခက်အခဲ ပြဿနာများကို အနည်းငယ် မေးမြန်းပါတယ်။ဆရာ ဟောပြောရှင်းပြရင်း
တစ်ချက်တစ်ချက် အသက်ကို ပြင်းပြင်းရှူတတ်ပါတယ်။အဲလို ရှူလိုက်ချိန်မှာ အရင်
ကထက် မျက်လုံးများက ပိုမိုအသက်ဝင် လာတယ်လို့ ခံစားနေရတယ်။
ကျွန်တော်ကတော့ ဆရာကြီး သမဓိအား ပြန်ဖြည့်နေတယ်လို့ စိတ်ထဲ သိလိုက်ပါတယ်။
ဆရာနဲ့ စကားပြောချိန်မှာ ဆရာက ကျွန်တော့်ကို ၀ိပဿနာ တရားပဲဆက်တိုက် အားထုတ်
စေချင်နေပုံ ပေါ်နေပါတယ်။ဆရာက အမြင်သန်လှပါတယ်။ကျွန်တော့ ရင်တွင်းမှာ ကိန်း
အောင်နေတဲ့ အတိတ်ကံ ပညာကို ဆရာမြင်ခဲ့ပြီးနဲ့ တူပါတယ်။
……………ဆရာသခင်တို့နဲ့ မဆုံခင် ၂၀၁၁ မှာ မျက်မမြင်လူငယ်တစ်ယောက်ရဲ့
ပြောပြချက်ကလည်းမှတ်သားစရာ ဖြစ်ခဲ့ပါတယ်။၂၀၁၁ - ၄ လပိုင်း မနက်ခင်းတစ်ခုမှာ
အိမ်မက်တစ်ခုကို မြင်မက်ခဲ့ပါတယ်။ကြယ်တွေနဲ့ တောက်ပနေတဲ့ မိုးကုတ်စက်ဝိုင်း
 မြင်ကွင်း …ဆင်ဖြူတော်တစ်စီး….ရွှေအိုးတွေရယ်…..ထီးဖြူ….ရံ့ရွှေတော်တွေရယ်…
.မြင်မက်ပြီးနောက် အိပ်ရာက နိုးလာခဲ့ပါတယ်။အလုပ်ထဲ ပြန်ရောက်တော့
မျက်မမြင် လူငယ်တစ်ဦးကို မေးကြည့်မိတယ်။လူငယ်လေးက အစ်ကို့စိတ်ထဲမှာရှိတဲ့
 ပညာတွေကိုအစ်ကို မသုံးတတ်သေးဘူး။အဲဒီပညာတွေကို ဘယ်လိုသုံးရမယ်ဆိုတာ
 သင်ပေးမဲ့ ဆရာသမားကောင်းနဲ့ တွေ့မယ်တဲ့။အဲလိုတော့ ပြောသွားခဲ့ဖူးတယ်။
၂၀၁၂ ရောက်တော့ ဘ၀တစ်ဆစ်ချိုး ကြီးကြီးမားမားပြောင်းလဲခြင်းတွေ စပြီး ကြုံတွေ့လာရတော့တာပါပဲ။ဆရာကောင်းတွေနဲ့ စတင်ဆုံ
တွေ့ရပြီး ၀ိပဿနာတရားကိုလည်း စပြီး အားထုတ်ဖြစ်ဖို့ အကြောင်းဖန်လာ ခြင်းပါပဲ။
………..ဆရာတော် ပြောပြခဲ့တာ တစ်ခု အမှတ်ရမိပါသေးတယ်။ “တို့မြန်မာပြည်မှာ
ထင်ရှားတဲ့ မိုးကုတ်ဆရာတော်၊ မဟာစည်ဆရာတော်၊ သဲအင်းဂူဆရာတော်။
စွန်းလွန်းဆရာတော် စသည်ဖြင့် ဆရာတော်တွေရဲ့ ၀ိပဿနာ အားထုတ်နည်းနာ
တွေ ကောင်းပေမယ့် အားထုတ်တဲ့ယောဂီတွေက မိမိတို့နဲ့ အဆင်ပြေမဲ့ အားထုတ်
နည်းကို မြဲမြဲမြံမြံ လက်ကိုင်ထားပြီး အားထုတ်ကြတာ မရှိလို့ တရားထူးမရကြတာပါ”
လို့ပြောပြခဲ့ဖူးပါတယ်။မိမိတို့နဲ့ သင့်တင့်တဲ့ အားထုတ်နည်းကို တစိုက်မတ်မတ်
၂၄ နာရီ  နေ့ရက်ဆက်တိုက် အားထုတ်ပွားများရင်ဖြင့် နိဗ္ဗာန် မဂ်ဖိုလ် ရက်တိုတို
နှင့် ရောက်နိုင်ကြောင်း ပြောပြပါတယ်။
ကျွန်တော် ကြုံဆုံခဲ့ရသလို ဆရာကောင်းတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် မိမိကိုယ်တိုင် ယုံကြည်မှုသဒ္ဓါတရား စိတ်ဝယ်အပြည့်ထားလို့ အားထုတ်ပွားများဖို့ လိုအပ်လှပါတယ်။
ဆရာကောင်းတွေနဲ့ ဆုံခဲ့ပေမယ့် မြတ်ဗုဒ္ဓ၏ ၀ိပဿနာ မြတ်တရားမှာ အားထုတ်ဇွဲသန်ဖို့
မိမိကိုယ်တိုင် အများကြီးလိုအပ်နေပါသေးတယ်။အလုပ်လုပ်ရင်း အားထုတ်…အားထုတ်ရင်း
အလုပ်လုပ် နဲ့ လက်ကိုင် ကမ္မဌာန်းကို အမြဲကပ်နေဖို့ ကြိုးစားနေဆဲပါပဲ။
ဆရာတော် ဟောကြားသလို ကိလေသာတော်လှန်ရေးကို ဆက်လုပ်နေရမှာပါပဲ။








မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)


Posted by Khin Win on Thursday, May 28, 2015