Facebook Page

Monday, September 15, 2014

“ပါရမီ အချစ်”

“မေတ္တာ” ဆိုတဲ့ ပါဠိရဲ့ အနက်ကို
“ချစ်ခြင်း”လို့အနက် ပြန်ကြ ပါတယ်။
အချစ်က သုံးမျိုး ရှိပါတယ်။
(၁)။ ချစ်သူ အချစ်ရယ်
(၂)။ မိသားစု အချစ်ရယ်
(၃)။ ပါရမီ အချစ်ရယ် ဆိုပြီး သုံးမျိုး ရှိပါတယ်။
●ချစ်သူ အချစ်ဆိုတာ မိန်းမ၊ ယောကျာ်း
အပြန်အလှန် ချစ်ကြတဲ့ အချစ်ပါ။
●မိသားစု အချစ်ဆိုတာက မိဘနဲ့သားသမီး ၊
ညီနဲ့အကို ၊မောင်နဲ့နှမ စသည် မိသားစု
အချင်းချင်း ချစ်ကြတဲ့ အချစ်မျိုးပါ။
●ပါရမီ အချစ်ဆိုတာက တော့ သူတစ်ပါးရဲ့
အကျိုးကို ဖြစ်ထွန်းမှုကို လိုလားတဲ့ အချစ်ပါ။
ပါဠိလို ပြောရင်တော့ . . .
“တဏှာ ပေမရယ်၊ ဂေဟသိတ ပေမရယ်၊
မေတ္တာ ပေမ”ရယ်ပါ။
မေတ္တာ ပါရမီမှာတော့ နောက်ဆုံး ဖြစ်တဲ့
“မေတ္တာ ပါရမီ”ကို ယူရမှာပါ။
ပါရမီ အချစ်ဟာ သူတစ်ပါး အကျိုးကို ငဲ့နေပါတယ်။
မိမိ အကျိုးကို မငဲ့ပါဘူး။
ကိုယ်က သူ့ကို ပါရမီ အချစ်နဲ့ ချစ်ဖြစ်နေရင်
သူ ကြီးပွားစေချင်တယ်။တိုးတက်စေချင်တယ်။
အောင်မြင် စေချင်တယ်။
အစစ အရာရာ အဆင်ပြေစေချင်တယ်။
သူ့ဆီက ဘာတုံပြန်မှုမှ မမျှော်လင့်ပါဘူး။
ဒါ- “ပါရမီ အချစ်ရဲ့ သဘော”တွေပါပဲ။
●အကြောင်း တစ်ခုခုကြောင့် သိခွင့် ၊
ခင်ခွင့်ရကြတဲ့အခါမှာ ကိုယ်ကလည်း သူ့ကို
ပါရမီ အချစ်နဲ့ချစ်မယ်။
သူကလည်း ကိုယ့်ကို ပါရမီ အချစ်နဲ့ချစ်မယ်
နှစ်ဦး စလုံးရဲ့ ခင်မင်မှုဟာ အစဉ်အမြဲ ခိုင်မြဲနေတော့မှာပါ။
●တစ်ဆင့်တက်ပြီး သူတရားထူး ၊တရားမြတ် ရဖို့
အတွက်လည်း ကိုယ်က ကူညီမယ်။
ကိုယ်တရားထူး ၊တရားမြတ် ရဖို့အတွက်လည်း
သူကကူညီမယ် ဆိုရင် ပါရမီ အချစ်က နိဗ္ဗာန်
အထိတောင် ကျေးဇူးပြု နေတော့တာပါ။
တစ်စုံတစ်ယောက်ကို ကိုယ်က ချစ်တယ်ဆိုရင်
ပါရမီ အချစ်နဲ့ ချစ်ပြီး နိဗ္ဗာန်ရဲ့ အထောက်အပံ့တွေ
အခါ အားလျော်စွာ ဖန်တီး ပေးနေနိုင်ရပါမယ်။
ဒီလိုပါပဲ၊ သတ္တ၀ါ အားလုံး အပေါ်မှာ ပါရမီ အချစ်နဲ့
ချစ်နိုင်ရမှာ ဖြစ်သလို၊ ချစ်သူ အချင်းချင်း ၊
မိသားစု အချင်းချင်းမှာလည်း ပါရမီ အချစ် ပါတဲ့
အချစ်တွေ တွဲတွဲ ပါနေပါမှအစဉ်အမြဲ ခိုင်မြဲနေမှာပါ။
●ချစ်သူ အချင်းချင်း ချစ်နေကြတဲ့နေရာမှာ
“တဏှာ ရာဂ”ကို အခြေခံတယ် ဆိုပေမယ့်၊
သူကုသိုလ် ဖြစ်ဖို့ ကိုယ်က ဖန်တီးပေးနေမယ်။
ကိုယ် ကုသိုလ် ဖြစ်ဖို့အတွက် သူက ဖန်တီး ပေးနေမယ်
ဆိုရင် ချစ်သူ နှစ်ယောက်အတွက် ရန်ဖြစ်တယ်၊
မုန်းတယ် ဆိုတာ တွေဟာ အိပ်မက်ထဲမှာတောင်
ရှာလို့ ရတော့မှာ မဟုတ်တော့ပါဘူး။
ပြီးတော့ ကိုယ့်ရဲ့ မိသား စုဘ၀လေးဟာ
ငြိမ်းငြိမ်း ချမ်းချမ်းလေး ရှိနေရုံတင်မကဘဲ၊
တရားထူး တရားမြတ် ရဖို့လည်း အထောက်အပံ့တွေ
ဖြစ်နေ တော့မှာပါ။
အဆင်မပြေမှု တွေဖြစ်တယ်ဆိုတာ တဏှာပေမ
အချစ်လောက်နဲ့ပဲ ချစ်နေကြလို့ပါ။
ပါရမီ အချစ် မပါကြလို့ပါ။
ဒီသဘောလေးကို
အာရုံပြုပြီး အစဉ်သဖြင့် ခိုင်မြဲနေဖို့
ပါရမီ အချစ်လေးပါ တွဲပါပေးရပါတယ်။
တစ်ချို့မိသားစုတွေမှာ အဆင်မပြေဖြစ်တယ်
ဆိုတာလည်း ပါရမီ အချစ်မပါ ကြလို့ပါ။
ကိုယ့်မှာ ပါရမီ အချစ်သာရှိနေရင် တဖက်က
မသိလို့ မှားတဲ့ အမူအရာကို ပြဦးတော့
သူ့ကို ကိုယ်ကဒေါသမထွက်ဘဲ၊
“သြော်..သူမသိလို့ပဲလေ” ဆိုပြီး
ခွင့်လွှတ်ပြီးသားဖြစ်နေတတ်ပါတယ်။
ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြဿနာကို တရား သဘောလေးနဲ့
ဖြေရှင်းတတ်သလို ၊အမှားပြုသူ တစ်ဖက်သားကိုလည်း
တရားနဲ့ ပြန်လည်ဖေးမတတ်ပါသေးတယ်။
ပြဿနာ တစ်ခုခု ဖြစ်လာပြီဆိုရင် . . .
ကိုယ်ဖတ်ခဲ့ ၊ နာခဲ့ ၊ ကျင့်ခဲ့တဲ့ တရားတွေ ပြန်အာရုံပြုပြီး၊
တရားသဘောနဲ့ ပြန်ဖြေရှင်းရပါတယ်။
တကယ်လို့ မတရားတဲ့ သဘောနဲ့ ပြန်ဖြေရှင်းခဲ့ရင် ၊
မတရားတဲ့ ဆိုးကျိုးတွေပဲ ပြန်ဖြစ်တော့တာပါ။
မတရားတဲ့ တုံ့ပြန်မှု တွေဟာ တစ်ဘက်သားမှာ
တစ်သက်တာ စိတ်ဒဏ်ရာရသွားစေတာပါ။
တစ်သက်တာရသွားတဲ့ စိတ်ဒဏ်ရာကို ပြန်ကုဖို့ ခက်သွားပါပြီ။
ဘဝဆိုတာ အမြဲတမ်းအဆင်ပြေ မနေနိုင်ပါဘူး။
တစ်ချိန်ချိန် ကာလတစ်ခုခုမှာ ကြီးမားတဲ့ အဆင်မပြေမှုကြီးတွေ ဖြစ်လာနိုင်ပါတယ်။
အဲဒီ အချိန်မျိုးမှာ ကိုယ်ပါရမီ အချစ်နဲ့
ချစ်ခဲ့ရသူတွေက ကိုယ့်အနားကို ပြေးလာကြမှာပါ။
ဘ၀မှာ ကိုယ်က ပါရမီ အချစ်နဲ့ ချစ်ခဲ့ရသူ မရှိခဲ့ဘူး။
ကိုယ့်ကြောင့် စိတ်ဒဏ်ရာ ရစေခဲ့တဲ့ သူတွေပဲ ရှိခဲ့တယ်
ဆိုရင် ဘယ်လို လုပ်မလဲ။ အဲဒီ အဆင်မပြေမှုတွေနဲ့ပဲ
သေသွားမယ်ဆိုရင် တရားလည်း မကပ်လိုက်နိုင်ရင်
မကောင်းတဲ့ ဂတိ တစ်ခုခုကို ရောက်သွားနိုင်ပါတယ်။
ပုထုဇဉ်တွေရဲ့ သဘောက ကိုယ့်အမှားကို
ကိုယ်ပြန်မြင်ခဲ ကြပါတယ်။
အဲဒီ အခါမျိုးမှာ ကိုယ့်ကို ပါရမီ အချစ်နဲ့ ချစ်သူ ၊
ဒါမှမဟုတ် မိတ်ကောင်း ၊ ဆွေကောင်း တစ်ဦးဦးက
ကိုယ့် အမှားကို မြင်ပြီး ပြုပြင်ပေးတဲ့အခါ၊
ပြုပြင်ပေးတဲ့ အတိုင်း လက်ခံ ကျင့်သုံးရပါတယ်။
မိတ်ဆွေကောင်းတွေ ဥပက္ခာပြုသွားအောင်
ပြုပြင်ဖေးမမှုကို မျက်ကွယ် မပြုရပါဘူး။
အလေးအနက်ထား ကျင့်သုံးပေးရပါတယ်။
ဒီတော့ ပါရမီ အချစ်ဆိုတာ လူတိုင်း လူတိုင်းအတွက်
လိုအပ်နေတော့တာပါ။
မေတ္တာ ဆိုတာကိုယ်ချစ်တဲ့ သူတွေကို
ထိုင်ပြီး ပွားနေတာနဲ့တင် မလုံလောက်သေးပါဘူး။
ထိုင်ပြီး ပွားတာက “ပွားမေတ္တာ”ပါ။
ကံအနေနဲ့ ပြောရရင် “မနောကံ မေတ္တာ”ပါ။
ပွားမေတ္တာနဲ့အတူ “ထားမေတ္တာ” ကိုလည်း
ကျင့်သုံးနိုင်ရပါမယ်။
သူတစ်ပါး အကျိုးရှိစေမယ့် စကားလေးတွေ
ပြောပြပေးတာ၊ သူတစ်ပါး အကျိုးရှိ စေမယ့်
အလုပ်ကလေးတွေ ပြုလုပ်ပေးတာတွေပါ။
ကံအနေနဲ့ ပြောရင်တော့
“၀စီကံ မေတ္တာ နဲ့ ကာယကံ မေတ္တာ”ပါ။
ဘယ်လို စကားမျိုးပဲ ပြောရပြောရ မေတ္တာနဲ့ ပြောပေးတာ၊
ဘယ်လို အလုပ်ပဲ လုပ်ရလုပ်ရ မေတ္တာနဲ့ လုပ်ပေးတာ၊
မြန်မာလို ပြောရင် သူတစ်ပါး အကျိုး ငဲ့ငဲ့ပြီး ပြောပေးတာ၊
သူတစ်ပါး အကျိုး ငဲ့ငဲ့ပြီး လုပ်ပေးတာတွေပါ။
ဒါတွေဟာ ထားမေတ္တာ တွေပါပဲ။
တစ်နေ့ တစ်နေ့ လူမျိုးစုံနဲ့ ဆက်ဆံနေကြရတာဆိုတော့
ကိုယ်က မေတ္တာ ပါပါလေးသာ ပြောဆို ပြုမူပေးရင်
သူတစ်ဖက်သားမှာ အဆင်ပြေပြီး စိတ်တွေ ချမ်းသာ သွားတာပါ။
သူတင်လားဆို ကိုယ်လည်း ထပ်တူ
စိတ်ချမ်းသာ ရပြန်တာပါ။
ကိုယ်ကျိုးကို ငဲ့ထားရင် စကားပြောတာ ကအစ ၊
ပေါ့ပေါ့ပါးပါး မရှိတော့ပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ စကားပြောတဲ့ အခါတိုင်း
“ငါ့အတွက် ”ဆိုတာကြီးက ရင်ထဲမှာ ရှိနေတာ
ဆိုတော့ ပြောရတာ မလွတ်လပ် တော့ပါဘူး။
တကယ်တော့ ဒါတွေဟာ ဘာမှ မခက်ပါဘူး။
အိပ်ရာထ ကိုယ်လက် သန့်စင်ပြီးတာ နဲ့
“ငါ ဒီနေ့ ဘယ်သူ နဲ့ပဲ တွေ့တွေ့ မေတ္တာပါတဲ့
စကားလေးတွေပဲ ပြောပေးမယ်။
မေတ္တာပါတဲ့ အလုပ်လေးတွေ ပဲလုပ်ပေးမယ်”လို့
စိတ်ထဲက သုံးကြိမ်လောက် အဓိဋ္ဌာန် ထားလိုက်ရင်
လူတစ်ယောက်နဲ့ ဆက်ဆံလိုက် ရတာနဲ့
မေတ္တာ ဆိုတာလေးကို ပြေးသတိရ တော့တာပါ။
တစ်လလောက် လေ့ကျင့်ပြီး ကျင့်သုံး ကြည့်လိုက်ရင်
နောက်ပိုင်း ဆက်ဆံမှု တွေဟာ “မေတ္တာ” ပါပြီးသား
ဖြစ်နေတော့မှာပါ။
တစ်ခုတော့ ရှိပါတယ်။ ပုထုဇဉ် တွေဆိုတော့
ကိုယ့်ရဲ့ စိတ်ဟာ အမြဲတမ်းတော့ဖြူဖွေးသန့်စင် မနေနိုင်ပါဘူး။
တစ်ခါတစ်လေ အာရုံဆိုး တစ်ခုခုကြောင့် ညစ်ထေး
သွားတတ်တာတွေလည်း ရှိပါတယ်။
အဲဒီလို အခါမျိုး မှာ “ ငါ မေတ္တာ ပါရမီ ဖြည့်ကျင့်ချင်သူ ၊
ငါက မေတ္တာ ပါရမီ ဖြည့်ကျင့်ချင်သူ”လို့ဆက်ကာ ၊
ဆက်ကာလေး ဆင်ခြင်ပေးလိုက်ရင်
ပါရမီ ဓာတ်တွေ ရင်ထဲကို ပြန်ရောက်လာတာ
များပါတယ်။
“ပါရမီ အချစ်”ရဲ့ သဘောက သူတစ်ပါး
အကျိုးကို ငဲ့ပါတယ်။
မိမိ အကျိုးကို လုံးဝ မငဲ့ပါဘူး။
●ကိုယ်က အခြေခံ သဘောလေး ကို အာရုံပြုထား
နိုင်ရပါမယ်။ဒီတော့ ပါရမီ အချစ်နဲ့ ချစ်နိုင်ဖို့
အသက်ရှင်နေသူ တစ်ဦးချင်း ဆီမှာကို တာဝန်ရှိပါတယ်။
●အားလုံး အားလုံးဟာ ပါရမီ အချစ်တွေနဲ့သာ
ချစ်နေကြမယ်ဆိုရင် ရုပ်ဝတ္တုတွေ အလျင်အမြန်
မတိုးတက်ဦးတော့၊ စိတ်ပိုင်းဆိုင်ရာတော့
အစဉ်သဖြင့် ငြိမ်းအေးနေမှာပါ။
အဲဒီ ငြိမ်းချမ်းမှုကို အခြေခံပြီး ၊၀ိပဿနာဘက်ကို
ကူးလိုက်ရင် တကယ့် ပန်းတိုင် အစစ်ရဲ့
လမ်းကြောင်းပေါ်ကို တန်းကနဲ ရောက်သွားတော့မှာပါ။
သတ္တ၀ါ အားလုံး ပါရမီ အချစ်တွေနဲ့ ပဲ ချစ်နေနိုင်ဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။ဒါပေမယ့် မဖြစ်နိုင်သူတွေကြားထဲမှာ
ချစ်တဲ့ စာဖတ်သူ တစ်ယောက်ကတော့ ဖြစ်နိုင်သူ
တစ်ယောက် ဖြစ်နိုင်အောင် ကြိုးစားကြရပါမယ်။
ပါရမီ အချစ်နဲ့ မချစ်ဖူးကြသေးလို့သာ
တစ်ခြား အာရုံတွေကို စိတ်ညွှတ် နေကြတာပါ။
ပါရမီ အချစ်ကို ချစ်ဖူးပြီးသွားရင် ကုန်ခဲ့သမျှ
အချိန်တွေကိုတောင် ပြန်နောင်တရ နေတော့မှာပါ။
ပုထုဇဉ်ဆိုတော့လည်း ကိလေသာလေး တွေက
ရှိနေသေးတာ ဆိုတော့ အမြဲတမ်း ပါရမီ အချစ်နဲ့
ချစ်နေနိုင်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။
ပါရမီ အချစ်နဲ့ နီးလိုက် ဝေးလိုက်တော့ ဖြစ်နေမှာပါ။
ဒါပေမဲ့ ကိုယ်က အဲဒီ နီးနေတဲ့ သဘောလေး၊
ဝေးနေတဲ့ သဘောလေးကို သတိနဲ့ ပြန်သိနေဖို့ပါပဲ။
ဘာပဲပြောပြော တွေ့ကြဆုံကြ အခိုက်လေးမှာ
အပြန်အလှန် ကိုယ်စီ ပါရမီ အချစ်ကလေးတွေနဲ့
ချစ်နေဖို့ပါပဲလေ။
-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)】
(ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်း စက်တင်ဘာ ၂၀၀၇
“မြင့်မြတ်သူတို့ရဲ့အလုပ်” စာအုပ်မှနှာ၁၅၅ -နှာ၁၆၇
မှ ကောက်နှုတ် ပူဇော်မျှဝေပါသည်။)

မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)


Posted by Khin Win on Thursday, May 28, 2015