Facebook Page

Wednesday, September 12, 2012

ကမ္ဘာစောင့်တရားနှစ်ပါး

 မြင့်သန်းကြည် (ရွှေပြည်သာ)ရေးသားသည်။

ကမ္ဘာစောင့်တရားနှစ်ပါးဆိုသည်မှာဟီရိသြတ္တပ္ပတရားပင်ဖြစ်သည်။

ထိုတရားနှစ်ပါးကိုမြန်မာ နိုင်ငံရှိမြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တော်တော်များများ သိကြလိမ့်မည်ထင်ပါသည်။ ဟီရိသြတ္တပ္ပမှာ ပါဠိစကား ရပ်ပင်ဖြစ်သည်။မြန်မာလို အနက်အဓိပ္ပာယ်ပြန်ရမယ် ဆိုရင် ရှက်ခြင်းကြောက်ခြင်းပင်ဖြစ်သည်။

မည်သည့်နိုင်ငံ မည်သည့်လူမျိုးမဆို အရှက် အကြောက်တရားကို နှလုံးသားထဲဝယ်စွဲမြဲစွာ ကျင့် ကြံဆောင်ထားအပ်ပေသည်။ ကျင့်ကြံဆောင်ထားသူ တိုင်းလည်း လူပုံအလယ်မှာ တင့်တယ်မည်။ လူတကာ့ လူထဲတွင် တန်ဖိုးအရှိဆုံးလူဖြစ်ပေလိမ့်မည်။ လူတိုင်း လူတိုင်းသည် မွေးလာကတည်းကပင်        မိမိတို့၏လိုအင်ဆန္ဒတစ်ခုအတွက်သိသင့်သိထိုက်သောအစွမ်း အစများ ဖော်ထုတ်ပြသရယူကြရသည်။ မွေးကင်းစ ဘ၀မှာ ရယူလိုမှုအတွက် ငိုကြွေးခြင်းနှင့် ဖော်ပြကြ သည်။ ဒီလိုနဲ့ သိတတ်စအရွယ်ရောက်လာပြန်တော့ ပူဆာခြင်း၊ ငိုကြွေးခြင်းနဲ့ ရယူပြန်တယ်။ ဒီလိုနဲ့အရွယ် လတ်ရောက်ပြန်တော့ စိတ်ဆိုးခြင်း၊ ပူဆာခြင်းနဲ့ ရယူ ပြန်တယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ ဆန့်ကျင်ခြင်း၊ စိတ်ဆိုးခြင်း ရယူကြပြန်တယ်။ ဘယ်လိုပဲဖြစ် နေပါစေ။ လူတို့၏ ပထမ ပညာသင်အရွယ်တွင် လူသား တို့၏ စိတ်အစဉ်သည် လိုအင်ဆန္ဒတစ်ခုအတွက်သာ အမျိုးမျိုးကျင့်ကြံ အားထုတ်မှုရှိခဲ့ကြသော်လည်း ရှက်ခြင်း၊ ကြောက်ခြင်းကင်းမဲ့စွာတော့ မပြုလုပ်မိခဲ့ကြပါ။

ဒီလိုနဲ့ ပထမအရွယ်ပြီးတော့ ဒုတိယအရွယ် ရောက်လို့လာပြီး စီးပွားရေး နယ်ပယ်ထဲမှာ မိမိတို့လိုအင် ဆန္ဒအတွက် ငွေကြေးမြောက်မြားစွာ ရရှိနိုင်ဖို့အတွက် ရှာကြံလာတဲ့အချိန်လဲရောက်ရော စီးပွားရေးနယ်ပယ်မှာရှိတဲ့ လူသားများနဲ့ ပညာရေးဆိုင်ရာနယ်၊ အုပ်ချုပ်ရေး ဆိုင်ရာနယ်အသီးသီးနဲ့ ပေါင်းစပ်မိပြီး ဘ၀ထဲက ပညာ ကို ရှာရတော့သည့်အခါမှာ တော့ ယခင် ဖြူစင်ခဲ့တဲ့ စိတ် ထားတွေဟာ တဖြည်း ဖြည်း အရောင်ဆိုး ညစ်ထေးလာစပြု လာပါတော့သည်။ လောကကြီးထဲက လောကဓံကြောင့်ပဲလား၊ လောကကြီးမှာ အသိအမှတ်ပြု သုံးစွဲနေတဲ့ ကျင့်စဉ်တစ်ခုပဲကြောင့်လား တော့မသိ။ လုပ်မှားကိုင်မှား ဟန်ဆောင်မှုတွေ၊ မုသားတွေ၊ လိမ်ညာမှုတွေနှင့်အတူ မကောင်းမှုမှာ မွေ့ပျော်လာပါတော့သည်။ မိမိရယူမှုသည် တရားမှုမတရားမှုကိုပင်မသိ။ ဆင်ခြင်တုံကင်းမဲ့ပြီး လူပုံအလယ်မှာ တင့်တယ် ဖို့သာ အကျိုးကို ရှေးရှုလုပ်သမျှ အဟုတ်ထင်ပြီး သတိ မ၀င်အသိမကပ်၍ ဆောင်ရွက်လာတော့ မှားယွင်းမှု တွေ အရှက်တကွဲ အကျိုးနည်းမှုတွေနဲ့ ကြုံတွေ့ရပြီး လူပုံအလယ်မှာ မတင့်မတယ်ဖြစ်ကြရတဲ့ဘ၀မျိုးနဲ့ ရင်ဆိုင်ရတော့ ဘ၀အောက်တန်းကျပြီး ရေတိမ်နစ်ခဲ့ရတဲ့ အခြေအနေမျိုး ရောက်ခဲ့ရတော့တယ်။
ယနေ့ခေတ် ယနေ့ အချိန်အခါ သိပ္ပံပညာ ထွန်းကား၍ မိမိဖြစ် လိုရာကို ခက်ခက်ခဲခဲ ရှာဖွေကြိုးစားနေရ မည့်အချိန်မျိုး မဟုတ် တော့သည်က တစ်ကြောင်း၊ လူမှုရေး ဆိုင်ရာ ဇိမ်ခံပစ္စည်းများကလည်း လူတို့အတွက် အပန်းဖြေနိုင်တာကတစ်ကြောင်း မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အတွက် ဘာသာ သာသနာ ထွန်းကား သည်ကတစ်ကြောင်း အချိန်အခါဟာ အလွန့်အလွန် ကို တန်ဖိုးရှိနေပေသည်။
ဒီလိုတန်ဖိုးရှိတဲ့ အချိန်အခါမှာ လူတွေ တော်တော်များများ အခွင့်အရေးကို လက်လွတ်မခံဘဲ ပိုင်ပိုင်နိုင်နိုင် ရယူနိုင်မယ်ဆိုရင် အကျိုးအရှိဆုံး ဖြစ်ပေလိမ့်မည်။
ခက်နေတာကိုက ပိုလွယ်မယ်လို့ထင်ပြီး လုပ်နေကြတဲ့ ယနေ့ခေတ် လူသားတွေက ကိလေသာ ထဲနစ်မျောနေလေသည်။
တိုးတက်နေသော တိုင်းပြည်တွေကို ကြည့်လိုက်မယ်ဆိုရင်လဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအပြိုင်အဆိုင် ရလိုမှုတွေအတွက်နဲ့ သူငါကို မကျော်လွှားနိုင်အောင် အမျိုးမျိုးချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ လုပ်နေကြတယ်။ ဒါတွေဟာ အချို့ကျ တော့လည်းမှန်သည်။ အချို့ကျ တော့လည်းမှားသည်။ ဘာကြောင့် လဲဆိုတော့ ကိုယ့်အကြောင်း ကိုယ်တွေးပြီး ကိုယ့်ဘ၀ကိုကိုယ် မကြည့်မိလို့ပါဘဲ။

မြန်မာနိုင်ငံ လူမျိုးဗုဒ္ဓဘာသာတွေလဲ ယုံကြည်မှုကတော့ မှန်ပါတယ်။ ကိုးကွယ်မှုကလည်း မမှားကြပါ။ သို့ပါသော်လည်း ကာယကံဖြစ်တဲ့ လက်တွေ့ လုပ်ကိုင်မှုတွေမှာ မမှားသင့်ဘဲ မှားနေကြတဲ့ လူတွေရှိကြပါတယ်။ ဥပမာ-ပြောရရင်တော့ တစ်နေ့ လုပ်တစ်နေ့အလုပ်သမားတစ်ယောက်ဟာ ပျော်ဖို့ပါး ဖို့အတွက် သူ့စိတ်အစဉ်ဟာ အခြားဥစ္စာပြည့်စုံနေတဲ့ လူကို ပြိုင်ဆိုင်တယ်။ အလှူတစ်ခုပဲ ပြုလုပ်သည်ဖြစ်စေ၊ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်သည်ဖြစ်စေ၊ ပွဲတော်တစ်ခုခု ကျင်းပလို့ သွားသည်ဖြစ်စေ၊ လူတမ်းစေ့တန်းတူဖြစ် စေဖို့ဝတ်တယ်၊ စားတယ်၊ သုံးတယ်၊ လက်ဆောင် ပစ္စည်းပေးတယ်။ ဒါတွေဟာ ဆင်းရဲသား အခြေခံအလုပ် သမားတွေအတွက် ပြည့်စုံလို့လုပ်နိုင်သည်မဟုတ်။ ချေးငှားအကြွေးဝယ်ခြင်းဖြင့်သာ ပြုလုပ်တဲ့အတွက် ပြိုင်ပွဲတောင် မပြီးသေးဘူး။ အကြွေးတောင်းတဲ့သူနဲ့လည်း တွေ့ရော အရှက်ရခဲ့ရအဖြစ်နဲ့ ကြုံရပါတော့သည်။
မြန်မာဗုဒ္ဓဘာသာဝင်တိုင်းသည် ကောင်းတာသိပ်ဆိုးတာကိုလည်းမြင်၏။ သို့ပါသော်လည်း သိမြင်မှုကိုစွဲပြီး ကျင့်မှုကို လေးလေးနက်နက် မလုပ်ဆောင် နိုင်ကြတော့ အမြင်မှာသာလှပြီး အတွင်းမှာတော့ မည်းညစ်နေပေသည်။ ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုတို့သည် လူချင်းတူတောင်မှ တူချင်မျှရုံတင်မကဘဲ ပိုလျှံ၍ နေသည်ကို အမြင်မှန်ရှိကြလေသော်လည်း ကြိုးစားမှုမရှိကြပြန်တော့ ပန်းဝတ်မှုန်အောက်က ဖားသူငယ်လိုဖြစ်နေပြီပေါ့။ ဒါကို တွေး၍ ရှက်ရမည်။ ဒါကို တွေး၍ကြောက်ရမည်။ ရုပ်ဝတ္ထုတို့ မပြည့်စုံရင်နေပါ။ စိတ်ဝတ္ထုတို့ ပြည့်စုံပြီး ကျင့်ကြံဆောင်ရွက်မှုမှန်သမျှ ကုသိုလ်၊ အကုသိုလ်ခွဲပြီး တစ်ခဏတာရကြတဲ့ လူ့ဘ၀မှ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အသိကလေးတွေ ရင်ထဲကိန်းအောင်းပြီး မိမိပြုလုပ်သမျှ မိမိပြန်ပြီး ကြည်ညိုနိုင်မယ်ဆိုရင် ဟီရိသြတ္တပ္ပတရားလက်ကိုင်ထားပြီး ရရှိလာတဲ့ဘ၀လေးကို ပေးထားတဲ့ တရားလေးသာ လူသားအားလုံးကို အကျိုးပြု ဆောင်ရွက်နိုင်မယ်ဆိုရင် သာယာလှပတဲ့ လောကကမ္ဘာကြီးဖြစ်မှာပါလို့ ရည်ရွယ်ရင်းရေးသား တင်ဆက်လိုက်ပါသည်။

No comments:

Post a Comment

မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)


Posted by Khin Win on Thursday, May 28, 2015